အကြောင်းအမျိုးမျိုးကြောင့် သားသမီးမရနိုင်သေးသော စုံတွဲများအတွက် ဖန်ပြွန်သန္ဓေသားနည်း ဖြင့် သားသမီးရယူနိုင်ပါတယ်။
ဖန်ပြွန်သန္ဓေသားနည်းဖြင့် သားသမီးရယူခြင်းဆိုသည်မှာ အမျိုးသမီး၏ မမျိုးဥနှင့် အမျိုးသားသုတ်ပိုးကိုယူပြီး ဓာတ်ခွဲခန်းထဲတွင် ပေါင်းစပ်၍ရရှိလာသော သန္ဓေသားလောင်းကို သားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်းပေးပြီး ကိုယ်ဝန်ဆောင်ခြင်း ဖြစ်ပါတယ်။
ဒီဖြစ်စဉ် တစ်ခုလုံးရဲ့ ကြာချိန်ကတော့ ၃ ပတ်ခန့်ဖြစ်ပြီး ဆေးရုံတက်စရာမလိုပါဘူ။
ဖန်ပြွန်သန္ဓေသား ပြုလုပ်၍ ရ/မရ သိရှိနိုင်ရန် စစ်ဆေးခြင်း အဆင့်
- အမျိုးသားရော အမျိုးသမီးပါ လိုအပ်သည့် သွေးစစ်ဆေးမှုများ ပြုလုပ်ရပါမည်။
- ရာသီလာရက် ၂ ရက်မြောက်နေ့တွင် သားအိမ်၊သားအိမ်နံရံနှင့် သားဥအိမ်ကို ကြည့်နိုင်ရန် မွေးလမ်းကြောင်းမှ
တဆင့် အာထရာဆောင်းနှင့်စစ်ရပါမည်။
- တစ်နှစ်အတွင်း စစ်ထားသော သားအိမ်ခေါင်းကင်ဆာ ( Pap smear )အဖြေ ယူဆောင်လာပေးရပါမည်။
- အမျိုးသား သုတ်ရေမှ သုတ်ပိုးအကောင်ရေ စစ်ရပါမည်။
ကြိုတင်ပြင်ဆင်ခြင်း နှင့် လှုံ့ဆော်ခြင်း အဆင့်
- မမျိုးဥ ထုတ်လုပ်မှု ပိုများလာစေရန် သားဥကိုဆွပေးသောဆေးကို ၈ ချောင်းမှ ၁၀ ချောင်းထိ ထိုးရပါမည်။
- ဆေးထိုးပြီး နောက်ပိုင်းတွင်မျိုးဥအရေအတွက်ကို သိရှိနိုင်ရန် အာထရာဆောင်းရိုက် ၍ စစ်ဆေးရပါမည်။
- မျိုးဥအရေအတွက်ပေါ် မူတည်၍ ဆေးအတိုးအလျော့ ပြုလုပ်နိုင်ရန်အတွက် ၂ ကြိမ်မှ ၃ ကြိမ်အထိ ဆရာဝန်နှင့်တွေ့ဆုံပီး အာထရာဆောင်းရိုက်ရပါမည်။
- မျိုးဥသည် သင့်တော်သော အနေအထားရှိခဲ့လျှင် မျိုးဥကြွေစေသော ဆေးတစ်ချောင်း ထိုးရပါမည်။
မမျိုးဥ ထုတ်ယူခြင်း အဆင့်
- ဆေးထိုးပီး ၂ ရက်အကြာတွင် မွေးလမ်းကြောင်းမှ တဆင့် မျိုးဥကို ရယူပါမည်။
- မျိုးဥမယူခင်တွင် အမျိုးသမီးသည် အစာရေစာကို အနည်းဆုံး ၈ နာရီခန့် ကြိုရှောင်ရန် လိုအပ်ပါတယ်။ နာကျင်မှုမရှိစေရန် မေ့ဆေးပေးပါမည်။
- မမျိုးဥယူခြင်းသည် မိနစ် ၃၀ ခန့်သာ ကြာပြီး ဆေးရုံတက်ရန် မလိုအပ်ပါ။
- မမျိုးဥ ယူသည့်နေ့တွင် အမျိုးသားသုတ်ရည်လည်း ယူရပါမည်။
- အာထရာဆောင်းကို အသုံးပြုပြီး အကောင်းဆုံးသော မျိုးဥများကို ရွေးချယ်ပြီး ထုတ်ယူပါသည်။
- မမျိုးဥထုတ်အပီးတွင် ဆေးရုံ၍ ၄ နာရီခန့် အနားယူရပါမည်။
- သားအိမ်တွင်းသို့ သန္ဓေသား ပြန်ထည့်ရာတွင် အဆင်သင့်ဖြစ်ရန်အတွက် ဟောမုန်းဆေးများ ဆက်သောက်ရန်လိုအပ်ပါသည်။
သန္ဓေအောင်စေခြင်းနှင့် သန္ဓေသားလောင်းမွေးထားခြင်း
- ထုတ်ယူထားသော မမျိုးဥများထဲမှ အရည်အသွေးအကောင်းဆုံး မျိုးဥများကို ရွေးချယ်ပြီး သုတ်ကောင်များနှင့်အတူ ဓာတ်ခွဲခန်းထဲတွင် ပေါင်းစပ်ပြီး သန္ဓေအောင်စေပါတယ်။
- သန္ဓေအောင်ပြီး သန္ဓေသားလောင်းများကို အရည်အသွေးထိန်းချုပ်နိုင်ရန် ၃ ရက်မှ ၅ ရက်အထိဆက်လက်မွေးထားပါသည်။ ထိုအချိန်အတွင်း သန္ဓေသားလောင်း၏ ဖွံ့ဖြိုးကြီးထွားမှု အခြေအနေကိုစောင့်ကြည့်ရပါတယ်။
သားအိမ်အတွင်းသို့ သန္ဓေသားလောင်း ရွှေ့ပြောင်း ထည့်သွင်းခြင်း
- သန္ဓေအောင်ပြီး ၃ရက်မှ ၅ရက်ခန့်တွင် ရွေးချယ်ထားသော သန္ဓေသားလောင်းအား သားအိမ်တွင်းသို့ရွေ့ပြောင်းထည့်ပါသည်။
- ထိုသို့ ဆောင်ရွက်ရာတွင် အစာရေစာ ကြိုတင်ရှောင်ဖို့ မလိုအပ်ပါ။ မေ့ဆေးလည်းမလိုအပ်ပါ။ မိနစ် ၃၀ ခန့်သာကြပါမည်။
- သန္ဓေသားလောင်းသည် သားအိမ်နံရံသို့ တွယ်ကပ်ပြီး ကြီးထွားသောအခါ ကိုယ်ဝန်ဆောင်ခြင်း စတင်ပါသည်။
ကိုယ်ဝန်ဆောင်/မဆောင် စစ်ဆေးခြင်း
သားအိမ်အတွင်းသို့ သန္ဓေသားလောင်းရွှေ့ပြောင်း ပြီးနောက် ၇ ရက်မှ ၉ ရက်ခန့် အကြာတွင် ကိုယ်ဝန်ဆောင်/မဆောင် သိရှိစေရန် သွေးစစ်ရပါမည်။ ကိုယ်ဝန်ဆောင်ခဲ့လျှင် အားဆေးများနှင့် ဟော်မုန်းဆေးများထပ်မံသောက်ရန် ဆရာဝန်မှ ညွှန်ကြားပါလိမ့်မည်။
ပျော်ရွှင်သာယာသော မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။